Friday, April 19, 2019

KG ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း

Kindergarten ဆိုတာ ကလေးဥယျာဉ် လို့အဓိပ္ပာယ်ရပြီး ဂျာမန် ဘာသာစကားကနေဆင်းသက်လာတယ်လို့ဆိုပါတယ်။ kinder က child (ကလေး) လို့ အဓိပ္ပာယ်ရပြီး garten ကတော့ garden(ဥယျာဉ်) ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် kindergarten သင်တဲ့ ဆရာတွေကို kindergarteners လို့ခေါ်ဆိုကြပါတယ်။

Friedrich Fröbel


ဂျာမန် ပညာရှင်တစ်ဦးဖြစ်တဲ့ Friedrich Froebel က ပထမဦးဆုံး Kindergarten ကို ဂျာမဏီ နိုင်ငံ Blankenburg မြို့မှာ ၁၈၃၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူဟာ ပြင်သစ်တွေးခေါ်ပညာရှင် Jean-Jacques Rousseau နှင့် ဆွီဇာလန် ပညာရှင် Johann Heinrich Pestalozzi တို့ရဲ့ အယူအဆ အပေါ်အခြေခံပြီး ၁၈၃၀၊၁၈၄၀ ခုနှစ်များကတည်းက KG ကိုစတင်အကောင်ထည် ဖော်ဖို့ စိတ်ကူးထားခဲ့တာဖြစ်ပါတယ်။ ကလေးတွေဟာ တက်ကြွဖြတ်လတ်စွာ သင်ယူနိုင်သူတွေဖြစ်ကြတယ် ဆိုတဲ့ သူ့အမြင်ဟာ တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာသာရှိသင့်တယ် ဆိုတဲ့ အဲ့ဒီအချိန်က လူအများစုအမြင်နဲ့မတူဘဲ တမူထူးခြားခဲ့ပါတယ်။ တေးဂီတတွေနဲ့ အတူ ဆော့ကစားရင်းဆူညံနေတဲ့ စာသင်ခန်းကို အချိန်ဖြုန်းနေတယ်လို့မြင်ကြပါတယ်။ Froebel ကတော့ သိမှုဆိုင်ရာနှင့်လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေဖြစ်တဲ့ Cognitive & social skills တွေကို ကလေးတွေရဲ့ သင်ယူလိုစိတ်ကို နှိုးဆွပေးခြင်းခြင်းဖြင့် သင်ကြားပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒီလိုစွမ်းရည်တွေတိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးဖို့ဆိုတာ အမျိုးသမီးတွေက အသင့်တော်ဆုံးလို့လည်း သူက ယုံကြည်ထားပါတယ်။ ဒါကြောင့် အမျိုးသမီးများသာ ခေါ်ယူတဲ့ သင်တန်းကျောင်း တစ်ကျောင်း စတင် ဖွင့်လှစ်ခဲ့ပါတယ်။

Froebel ရဲ့အတွေးအခေါ်က ဆန်းသစ်နေခဲ့တာကြောင့် ဆိုရှယ်လစ်တော်လှန်ရေးလှုပ်ရှားမှု ကိုစိုးရိမ်နေတဲ့အစိုးရဟာ KG ကျောင်းအားလုံးကို ၁၈၅၁ ခုနှစ်မှာ ပိတ်လိုက်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ဒေသတွေမှာ သူ့ရဲ့အတွေးအခေါ်ယူဆချက်ေ တွက ပျံ့နှံ့နေခဲဲ့ပြီး ၁၉ ရာစုအနှောင်းပိုင်းကာလ မှာ နိုင်ငံတော်တော်များများက အလယ်အလတ်တန်းစား ကလေးတွေအတွက် KG တွေစတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၉၀၀ ခုနှစ်ကစပြီး ပထမကမ္ဘာစစ်မတိုင်မီ ကာလတွေမှာ အင်္ဂလန်နှင့်ပြင်သစ်မှာ ဆင်းရဲချို့တဲ့ကလေးတွေအတွက် အခမဲ့ သင်ကြားပေးတဲ့ KG တွေရှိနေပါပြီ။ ် ဂျာမဏီနိုင်ငံကလည်း (၃-၅)နှစ်ကလေးငယ်များအတွက် KG ကို၂၀ ရာစုမတိုင်ခင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Margarethe Schurz ဟာ အမေရိကန် Wisconsin ပြည်နယ် Watertown မြို့မှာ Kindergarten ကို ၁၈၅၆ ခုနှစ်က ပထမဦးဆုံးဖွင့်လှစ်ခဲ့သူဖြစ်ပါတယ်။အဲဒီနောက်မြို့ကြီးတွေမှာ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ private kindergarten တွေကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။

၁၈၇၃ ခုနှစ်မှာ ပထမဆုံး Public Kindergarten ကို Missouri ပြည်နယ် Saint Louis မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Mississippi ပြည်နယ်ဟာ Public Kindergarten ကိုဖွင့်လှစ်နိုင်ခဲ့တဲ့ အမေရိက ကနောက်ဆုံးပြည်နယ်ဖြစ်တယ်လို့ဆိုပါတယ်။ ၁၉၈၆ ခုနှစ်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အမေရိက ပြည်နယ်တိုင်းမှာ KG တွေရှိနေပြီဖြစ်ပါတယ်။

KG ကို မြန်မာနိုင်ငံအပါအဝင် Hong Kong, Egypt, Bangladesh, တွေက သုံးတာတွေ့ရပြီး China မှာ lower kindergarten (LKG), upper kindergarten (UKG) လို့အသုံးပြု ကြပါတယ်။



Ling Kee Htang
ဧပြီ ၂၉၊ ၂၀၁၆ ခုနှစ်

References
1. Froebel, F. (1967). Outline of a plan for founding and developing a kindergarten.
2. Passe, A. S. (2010). Is Everybody Ready For Kindergarten: A Tool Kit For Preparing Children And Families

No comments:

Post a Comment